Monday, June 13, 2011

ဇာတ်လမ်းကတော့မသန်းပဲ .......

ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီအချို့သည် ပြည်ပနိုင်ငံများ တွင် အိမ်အကူ အလုပ်လုပ်ကိုင်ရန် နယ်မြို့များရှိ အမျိုးသမီးများအား မက်လုံးများဖြင့် စည်းရုံးခေါ်ယူလျက် ရှိကြောင်း သတင်းရရှိပါသည်။

ယင်းသို့ခေါ်ယူရာတွင် သက်ဆိုင်ရာဒေသခံနှင့် ပူးပေါင်းကာ ယင်းဒေသခံအား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ၏ အလုပ်သမားရှာဖွေရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခေါ်ယူခြင်းပြီး ယင်းကိုယ်စားလှယ် အနေဖြင့် ခေါ်ယူပေးနိုင်သည့် လူဦးရေပေါ် ရာခိုင်နှုန်းဖြင့် အကျိုးခံစားခွင့် ရရှိကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် အိမ်အကူအဖြစ်လုပ်ကိုင်ရန် အလုပ်သမားခေါ် ယူရာ၌အသက် ၂၃ နှစ်နှင့် ၃၂နှစ် ကြား ရှိ အမျိုးသမီးများအား အဓိကခေါ်ယူခြင်းဖြစ်သည်။ ခေါ်ယူရာတွင်ပြည်ပ၌ သွားရောက် အလုပ်လုပ်ကိုင်လိုသူသည် လတ်တလောတွင် ငွေကြေးစိုက်ထုတ်ရန် မလိုသည့်အပြင် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားမှုရှိပါက အေဂျင်စီမှ ကျပ်သောင်းဂဏန်းရှိ ငွေကြေးကိုကြိုတင်ငွေအဖြစ် ထုတ်ပေးသည်ဟု သိရသည်။ ထို့ပြင် နယ်မှ ရန်ကုန်သို့ သွားရန် ကုန်ကျစရိတ်၊ ရန်ကုန်ရောက်ရှိပြီး ပြည်ပမထွက်ခွာမီ ကြားကာလအတွင်း အထွေထွေကုန်ကျစရိတ်နှင့် အေဂျင်စီ၏ အကျိုးဆောင်ခတို့ကိုလည်း အေဂျင်စီမှ ယာယီစိုက်ထုတ် အကုန်အကျခံပေးမည် ဟုသော ကတိများဖြင့် ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် အိမ်အကူအဖြစ် လုပ်ကိုင်ရန် အလုပ်သမား ခေါ်ယူရာ၌ အသက် ၂၃ နှစ်နှင့် ၃၂နှစ် ကြားရှိ အမျိုးသမီးများအား အဓိကခေါ်ယူခြင်းဖြစ်သည်

အေဂျင်စီ၏ ချိတ်ဆက်ခေါ်ယူမှု နှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့မှ အမျိုးသမီး တစ်ဦးက “ကျွန်မကို ကလေးမြို့က ကျွန်မရဲ့အမျိုးသမီး မိတ်ဆွေက ချိတ်ဆက်ခေါ်ယူတာပါ။ သူလည်းသွား မယ်။ သူနဲ့အတူ သူ့ရဲ့ချိတ်ဆက်မှုနဲ့ တခြားရွာက ကောင်မလေးငါးယောက် လည်းပါမယ်လို့ ပြောပါတယ်။ ကျွန်မက စိတ်ဝင်စားတယ်လို့ ပြောတော့ ရန်ကုန်ရောက်ရင် ပြည်ပသွားတဲ့ Passport လုပ်ရင်လိုအပ်တဲ့ ပုံစံ ၁၇ တို့၊ မှတ်ပုံတင်တို့ ကြိုလုပ်နိုင်အောင် ဆိုပြီး အကြိုငွေ လေးသောင်းပေးပါတယ်။ ကျွန်မတို့ နယ်ဘက်မှာ ရန်ကုန်က အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ က ပြည်ပမှာအိမ် အကူအလုပ်လုပ်ဖို့ လာခေါ်တာတွေရှိပါတယ်။ အေဂျင်စီ တစ်ခုနဲ့တစ်ခု ခေါ်ယူတဲ့ပုံစံချင်းတော့ မတူပါဘူး။ ကျွန်မတို့ကိုခေါ်တဲ့ အေဂျင်စီက အာမခံတယ်။ ဟိုရောက်မှ မလုပ်ချင်ရင်လည်း ကိုယ့်သဘော အတိုင်းဖြစ်စေရမယ်လို့ ကတိပေးတယ် လို့ပြောပါတယ်” ဟုပြောပြပါသည်။

ရန်ကုန်မြို့တွင် မြန်မာအမျိုးသမီးများအား ပြည်ပနိုင်ငံများတွင် အိမ်အကူ အလုပ်လုပ်ကိုင်ရန် ချိတ်ဆက် ပေးနေသည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ရှိနေပြီး အဆိုပါ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူ အများစုမှာ မြန်မာများမဟုတ်သည့် လူမျိုးခြားများဖြစ်ကြောင်း လေ့လာသိရှိထားသူ များက ဆိုပါသည်။

လက်ရှိအနေအထားတွင် မြန်မာ အမျိုးသမီးများအား အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ရန် စင်ကာပူနိုင်ငံမှ အဓိက ခေါ်ယူလျက်ရှိကြောင်း သိရသည်။ ထို့အပြင် အခြားသော ပြည်ပနိုင်ငံများတွင်လည်း မြန်မာအမျိုးသမီး များအိမ်အကူအလုပ် လုပ်ကိုင်ခွင့်ရရှိရန် အဆိုပါ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများနှင့် ပြည်ပနိုင်ငံများရှိ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတို့ အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်မှုယူကာ မြန်မာအမျိုးသမီးများအား စေလွှတ်ပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာအမျိုးသမီးများအား အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ရန် ပြည်ပ နိုင်ငံများနှင့် ချိတ်ဆက်လုပ်ဆောင် ပေးနေသည့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများသည် နယ်မြို့များမှခေါ် ယူလာသည့် အမျိုးသမီးများအား ပြည်ပသို့မထွက်ခွာမီအတွင်း မိမိတို့ အေဂျင်စီရှိ အဆောင်များတွင် နေထိုင်စေပြီး ပြည်ပ၌အလုပ်လုပ်ကိုင်ရာတွင် လိုအပ်သော အင်္ဂလိပ်စကားပြောနှင့် အိမ်အကူများ လုပ်ကိုင်ရန်သိရှိထားရမည့် လုပ်ငန်းများအား သင်တန်းများ သင်ကြားပေးကြောင်း သိရသည်။

“ကျွန်မတို့ အေဂျင်စီနဲ့ချိတ်ဆက် ပြီး ပြည်ပမှာ အိမ်အကူအလုပ် လုပ်ကိုင်ဖို့ နယ်မြို့တွေကနေ ရောက်နေတဲ့ အမျိုးသမီး ၅၀ ဦးဝန်းကျင်ရှိပါတယ်။ သူတို့တွေကို ကျွန်မတို့အေဂျင်စီက အဆောင်မှာထားတယ်။ ရန်ကုန်ကနေ သွားဖို့လုပ်နေသူတွေကတော့ ကျွန်မတို့အေဂျင်စီမှာ သင်တန်းသီးသန့်လာတတ်ကြပါတယ်။ နယ်ကနေရောက် လာသူတွေကိုတော့ ပြည်ပကိုမထွက်ခွာမီ ပထမဆုံးအနေနဲ့ ဆေးစစ်ခိုင်းတယ်။ ဆေးအောင်ရင် အင်္ဂလိပ်စာနဲ့ အိမ်အကူတွေ တတ်ရမယ့်လုပ်ငန်းတွေ ကို နှစ်လ၀န်းကျင် သင်တန်းပေးတယ်။ အဲဒီနှစ်လထဲမှာပဲ သူတို့ပြည်ပထွက်ခွာနိုင်ဖို့ ပတ်စ်ပို့လုပ်တယ်။ ပြည်ပက အေဂျင်စီနဲ့ချိတ်ဆက်တယ်။ အဆင်ပြေတာနဲ့ ချက်ချင်းပို့ပေးပါတယ်။ ပြည်ပမှာ အိမ်အကူအဖြစ် လုပ်ကိုင်လို သူတွေအနေနဲ့ အဓိကလိုအပ်တာကတော့ အထက်တန်းပညာ သင်ကြားဖူးသူ ဖြစ်ရမယ်။ ကိုယ်သွားတဲ့အိမ်မှာ အိမ်မှုအလုပ်ကိစ္စတွေကို သေချာ လုပ်ကိုင်ရမယ်၊ သက်ကြီးရွယ်အိုရှိရင် ပြုစု ပေးတတ်ရမယ်။ ကလေးရှိရင် ထိန်းတတ်ရမယ်။ အဲဒီအိမ်မှာ ခွေးရှိရင် အဲဒီခွေးနဲ့လည်း အဆင်ပြေအောင် နေရမှာပါ။ သူတို့တွေအနေနဲ့ စင်ကာပူရောက်ရင် အလုပ်ရပြီလို့ သေချာ မပြောနိုင်သေးပါဘူး။ ဟိုကစစ်တဲ့ အိမ်အကူ စာမေးပွဲကို ဖြေရမှာပါ။ အောင်မှ အိမ်အကူလုပ်ခွင့်ရမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့ နယ်ရှိ အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ရှင်းပြခဲ့သည်။

ပြည်ပ၌ အိမ်အကူ အလုပ်သွားရောက် လုပ်ကိုင်သူများသည် ပြည်ပ၌ အလုပ်လုပ်ခွင့်ရရှိရန် နိုင်ငံပေါ် မူတည် ကာကုန်ကျစရိတ် ကွာဟချက်ရှိကြောင်း သိရသည်။ စင်ကာပူ၌ အလုပ်လုပ်ပါ က စင်ကာပူဒေါ်လာ ၂၆၆၀ ကုန်ကျမည် ဖြစ်သည်။ အဆိုပါ ကုန်ကျစရိတ်အား အေဂျင်စီမှ ယာယီစိုက်ထုတ်ကာ ပို့ပေးမည်ဖြစ်ပြီး အဆိုပါကုန်ကျငွေအား အလုပ် သွားရောက်လုပ်ကိုင်သူမှ ခုနစ်လအတွင်း အပြီးပေးချေရမည်ဟု သိရသည်။ အလုပ်သွားရောက် လုပ်ကိုင်သူသည် တစ်လလျှင် လခစင်ကာပူ ဒေါ်လာ ၄၀၀ ရရှိမည်ဖြစ်ပြီး အေဂျင်စီနှင့်  နှစ်နှစ်စာချုပ် ချုပ်ဆိုရမည်ဟု သိရသည်။ အဆိုပါလခ ဒေါ်လာ ၄၀၀ မှ ဒေါ်လာ ၃၈၀ ကို အေဂျင်စီမှ ခုနစ်လ နုတ်ယူသွားမည်ဖြစ်မည်ဟု သိရသည်။

“ပြည်ပကို အလုပ်ကိစ္စနဲ့ မကြာခဏ ဆိုသလို ရောက်ဖြစ်တယ်။ အဓိကကတော့ စင်ကာပူကိုပေါ့။ စင်ကာပူ ကိုရောက်တဲ့အခါ စင်ကာပူသူဌေး တွေက မြန်မာအမျိုးသမီး အိမ်အကူ အလိုရှိသည်လို့ စာရေးချိတ်ပြီး ခေါ်ထားတာကို တွေ့တဲ့အခါ ကျွန်တော် တော်တော်လေးကို ရင်နာမိပါတယ်။ မြန်မာဆိုတာ တစ်ချိန်က ကိုယ့်ဂုဏ် ကိုယ့်ဒြပ်နဲ့ နေလာခဲ့ကြတာပါ။ မြန်မာ တွေကသာ တခြားသော တိုင်းတစ်ပါး သားတွေကို အိမ်အကူအဖြစ် ခိုင်းစေခဲ့တာလေ”ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စင်ကာပူတွင် တစ်နှစ်ကျော်ကြာ အိမ်အကူအလုပ် လုပ်ကိုင်ခဲ့သည့် မကွေးမြို့မှအမျိုး သမီးတစ်ဦးကလည်း “ကျွန်မက ၂၀၀၇ ခုနှစ်မှာ စင်ကာပူကို သွားတာပါ။  အဲဒီတုန်းက စင်ကာပူမှာ အိမ်အကူ လုပ်ခွင့်ရဖို့ကျပ်သိန်း ၃၀လောက် ကုန်တယ်။ အေးဂျင့်က မသွားခင် ပြောတာက ဟိုမှာသက်ကြီးရွယ်အို စောင့်ရှောက်မယ်ဆိုရင် အဲဒီအလုပ်တစ်ခုပဲ လုပ်ရမယ်၊ ကျန်တာလုပ်စရာ မလိုဘူးလို့ ပြောတယ်။ ဟိုရောက် တော့ အိမ်မှုကိစ္စတွေ အားလုံး လုပ်ရတယ်။ နေခဲ့တဲ့တစ်နှစ်ကျော်အတွင်း  အိမ်ထဲကအိမ်ပြင်ကို တစ်ခါမှမထွက်ရဘူး။ ဒီကြားထဲ တစ်ခါတလေ အဆူ အငေါက်ခံရသေးတယ်။ ပိုဆိုးတာက သူတို့မွေးထားတဲ့ ခွေးလောက်တောင် နေရာပေးမခံရတာပါ။ ဒါကြောင့် သွားတဲ့စရိတ်ကျေအောင် သည်းခံလုပ်ခဲ့ပြီး ပြန်လာခဲ့တာပါ။ ကိုယ့်နိုင်ငံမှာ ဆားနဲ့ ထမင်းစားရလည်း စိတ်ချမ်းသာတယ်” ဟု ဆိုပါသည်။

--
ဝန်ခံချက်။  Fwd:  မှ ရရှိသော ဆောင်းပါးဖြစ်ပါသည်

No comments: