Monday, February 9, 2009

ပေးနိုင်တဲ့ စိတ်ဟာ အင်အားကြီးတဲ့စိတ်

သူများကို အကူအညီ ပေးလိုက်ခြင်းအားဖြင့်

ကိုယ့်ကိုကိုယ် လေးစားမှုတိုးလာတယ်။

စိတ်ချမ်းသာမှုလည်းရတယ်။

ဒါဟာ တော်တော်အဆင့်မြင့်တဲ့ ကျေနပ်မှုဖြစ်တယ်။

သူများကိုဒုက္ခ ရောက်အောင်လုပ်ပြီး သူများ ဒုက္ခရောက်လို့ 

ကျေနပ်မှု၇တယ်ဆိုတာမျိုးက တော်တော် အဆင့်နိမ့်တဲ့ 

ကျေနပ်မှုဖြစ်တယ်။ ဒီလိုလူကို ပတ်ဝန်းကျင်ကလေးစားမှာမဟုတ်ဘူး။

လူ့ လောကကြီးကို ပိုပြိး ကောင်းလာစေချင်ရင် ဒီလိုအခြေခံလေးတွေကို

အလေးထားပြီးလုပ်ရမယ်။ ကိုယ့်စိတ်ထားကိုအဆင့်မြှင့်ပါ။

ကိုယ့်ကိုယ်ကို ပိုပြီး စိတ်ထားကောင်းတဲ့သူဖြစ်အောင်

လုပ်တာဟာ လောကကြီးရဲ့  အကျိုးကိုဆောင်တာပဲ။

ကိုယ့်ကိုယ်ကို လေးစားနိုင်တဲ့ သူ ဖြစ်အောင်လုပ်ပါ။

ကားမောင်းရင်း ဖြစ်တတ်တာကိုပဲ ဥပမာပေးပြီးတော့

စဉ်းစားကြအုံးစို့  ။ ကိုယ်က ကားမောင်းပြီးတော့သွားနေတယ်။

နောက်က ကားတစ်စီးကလည်း မောင်း လာ ပြီးတော့ ကျော်တက်

ချင်နေတယ်။ အဲဒီအခါမှာ ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းရင်

လည်းရတယ်။ (လမ်းကျဉ်းတဲ့  နေရာဆိုပါတော့)။

ဖယ်ပေးမယ်ဆိုရင်လည်း ရတယ်။ အဲဒီအခါမှာ

ကိုယ်ကစိတ်ထားကောင်းကောင်းလေးနဲ့  ကိုယ့်ကား ကို

လမ်းဘေး ဘက်ကိုချပေးလိုက်တယ်။

နောက်က ကားက ကျော်တက်သွားတယ်။

ကိုယ်က လမ်းပေးလိုက်လို့ သူသွားရတာ။

ကိုယ်က ခွင့် ပြုလိုက်လို့ သူ ရသွားတာနော်။

ဘယ်သူက power ကြီးသလဲ။

ခွင့်ပြုလိုက်တဲ့သူက power ကြီးတယ်။

စိတ်ဓါတ်အင်အားကြီးတယ်။

ကိုယ်က လမ်းမပေးဘဲ ပိတ်မောင်းထားလို့ သူကျော်တက်လို့ 

မရတာကို power လို့ ခံစားရတာနဲ့  ကိုယ်က လမ်းပေးလိုက်လို့ 

သူကျော်တက်သွားလို့ ရသွားတာကို Powerလို့ ခံစားရတာနှစ်မျိုးမှာ၊

ကိုယ်က ခွင့်ပြုပေးလိုက်လို့  သူ ရသွားတာကို powerလို့ ခံစားရတာက

အကျိုးပြုတဲ့ powerဖြစ်တယ်။ ကိုယ်က ခွင့်ပြုနိုင်ပါလျက်နဲ့ 

ခွင့်မပြု လို့  သူမရတာကို power လို့ ခံစား၇တာက အကျိုးမပြုတဲ့ 

power ဖြစ်တယ်။ နှစ်ဦး နှစ်ဖက် အကျိုးမရှိဘူး။ စိတ်မချမ်းသာဘူး

အဆင်မပြေဘူး။

လူတွေရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို အင်အားကြီးတဲ့ သူဆိုတဲ့ 

ခံစားမှုမျိုးကို လိုချင်ကြတယ်။ အဲဒါကို မှန်ကန်တဲ့နည်းနဲ့ ရအောင်

လုပ်သင့်တယ်။ ပေးတဲ့သူက အင်အားကြီးတဲ့သူ

ဆိုတာကို နား လည်သင့်တယ်။

ပေးနိုင်တဲ့ စိတ်ဟာ လွတ်လပ်တဲ့စိတ် ဖြစ်တယ်။မပေးနိုင်တဲ့ စိတ်ဟာ

မလွတ်လပ်တဲ့စိတ် ဖြစ်တယ်။မအေးချမ်းတဲ့ စိတ်ဖြစ်တယ်။

တွန့် တို တဲ့စိတ်ဖြစ်တယ်။

အင်အားကြီးတဲ့ သူဟာ ပေးနိုင်တဲ့ဖြစ်တယ်။အင်အားကြီးတဲ့သူဟာ

စွန့်လွှတ်နိုင်တဲ့သူဖြစ်တယ်။ အင်အားကြီးသူဟာ ဒီလို အသေးအမွှား

(လမ်းပိတ်မောင်းတဲ့) နည်းမျိုးနဲ့ အနိုင်မယူဘူး။

အင်အားကြီးတဲ့သူဟာ အနိုင်အရှုံးကိုမစဉ်းစားဘူး။

သင့်တော်သလား၊မသင့်တော်ဘူးလားဆိုတာပဲ စဉ်းစားတယ်။

အင်အားကြီးတဲ့သူဟာ အသိညဏ်နဲ့ ယှဉ်ပြီး စဉ်းစားတယ်။

ဆုံးဖြတ်တယ်။ ပုဂ္ဂိုလ်စွဲ မပါ၊ ဘက်လိုက်တာမပါဘဲ လက်ရှိ

အခြေအနေမှာ အသင့်တော်ဆုံး၊အကောင်းဆုံး၊ အကျိုးအရှိဆုံးကို

ရွေးပြီးလုပ်တယ်။ အသိညဏ်ကရွေးချယ်တယ်။ဆုံးဖြတ်တယ်။

အတ္တစွဲက ရွေးချယ်တာဆုံးဖြတ်တာမဟုတ်ဘူး။

ပုဂ္ဂိုလ်စွဲ၊အတ္တစွဲ ရဲ့ လွှမ်းမိုးမှုကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ 

ဘက်လိုက်တဲ့စိတ်နဲ့ ၊မသင့်တော်မှန်းသိရက်နဲ့  မသင့်တော်တာကို

လုပ်နေတဲ့ သူဟာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကိုမရနိုင်ဘူး။

နောက်ဆုံး လိုရင်းကိုပြောရရင် ကိုယ့်ကိုယ်ကို တစ်နေ့  တစ်ခြား

ပိုပြိးလေးစားလာအောင် နည်းမျိုးစုံ နဲ့ လုပ်သင့်တယ်။ ကိုယ့်ရဲ့ 

စိတ်နေသဘောထား၊ နေပုံ၊ထိုင်ပုံ ၊ပြောပုံ၊ဆိုပုံ၊ စည်းကမ်း၊သပ်ရပ်မှု

သန့် ရှင်းမှု၊ ကိုယ်နဲ့ ပတ်သက်တာမှန်သမျှ အားလုံးကို ပိုပြီး

ကောင်းအောင်လုပ်သင့်တယ်။

ကိုယ့်ကိုယ်ကို ပိုပြီးကောင်းအောင် လုပ်တဲ့ နည်းနဲ့ ကိုယ့်ကိုယ်ကို

လေးစားတဲ့သူ၊ ကိုယ့် အကျိုးကိုရော အများအကျိုးကိုပါ

ဆောင်ရွက်နိုင်တဲ့ သူ၊ လောကကြီးကို...........

အလှဆင်နိုင်တဲ့ သူတွေ ဖြစ်ကြပါစေ။


ဆရာတော် ဦးဇောတိကအား ဤဆောင်းပါးဖြင့်

ဂါရ၀ပြုပါသည်..........

No comments: